03 June, 2010

10% and 90%

ဘဝရဲ့ ၁၀ ရာခိုင်နှုန်းကို သင့်အပေါ်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဘဝရဲ့ ၉၀ ရာခိုင်နှုန်းကတော့ သင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ အပေါ် မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့…။
ကျွန်တော်တို့မှာ ဖြစ်ပျက်လာမယ့် ၁၀ ရာခိုင်နှုန်း အတွက် ထိန်းချုပ်လို့ မရနိုင်ပါဘူး။
ကျန်တဲ့ ၉၀ ရာခိုင်နှုန်း ကတော့ မတူပါဘူး။ သင်ဆုံးဖြတ်ရမယ့် ၉၀ ရာခိုင်နှုန်းပါ။ ဘယ်လိုလဲ ဆိုတော့… သင့်ရဲ့ တုံ့ပြန်မှုအရ ဖြစ်လာတာ မို့လို့ပါ။
သင်က မီးနီ ကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ တုံ့ပြန်မှုကိုတော့ ထိန်းချုပ်နိုင်တယ်လေ။
လူတွေကို အရူးလုပ်ခွင့် မပြုပါနဲ့။ သင်ဘယ်လို ပြန်တုံ့ပြန်မယ်ဆိုတာကို ထိန်းချုပ်လို့ ရနိုင်ပါတယ်။
ဥမမာ တစ်ခု ပြပါဦးမယ်…။

သင့် မိသားစုနဲ့ မနက်စာ စားနေတုန်း သင့်ရဲ့ သမီးငယ်က ကော်ဖီခွက်ကို တိုက်ချမိလို့ သင့်ရဲ့ အလုပ်သွားမယ့် ရှပ်အင်္ကျီကို စွန်းပေသွားတယ် ဆိုပါစို့။ ဘာဖြစ်မယ် ဆိုတာကို သင် လိုက် ချုပ်ထိန်းလို့ မရပါဘူး။ ဖြစ်ပြီးတဲ့ နောက်မှာရော.. သင့် တုံ့ပြန်မှုက ဘယ်လိုလဲ ဆိုတာတော့ ဆုံးဖြတ်လို့ ရတဲ့ အရာပါ။

သင် ကျိန်ဆဲလိုက်မယ်။ သင့်သမီးလေးကို ကော်ဖီမှောက်ချတဲ့ အတွက် ဒေါသ ထွက်ပြီး ဆူမယ်။ အကျိုးကတော့ ကလေး ငိုသွားမယ်။ အဲဒီနောက်တော့ သင့်ဒေါသက သင့်အမျိုးသမီး ဘက်ကို လှည့်သွားဦးမယ်။ ခွက်ကို စားပွဲ အစွန်းမှာ ထားလို့ ဆိုပြီး သူ့ကို ဝေဖန်ဦးမယ်။ အဲဒီမှာ စကား စစ်ပွဲလေး ဖြစ်သွားဖို့ပဲ ရှိတော့တယ်လေ။

သင် အပေါ်ထပ်ကို ဒေါသတကြီး တက်ပြီး ရှပ်အင်္ကျီ ပြန်လဲမယ်။ သင်အောက်ပြန်ရောက်လာတော့ ငိုနေရတာနဲ့ မနက်စာပြီးတာ နောက်ကျ၊ ကျောင်းသွားဖို့ နောက်ကျနေတဲ့ ကလေးမကို တွေ့မယ်။ အဆုံးတော့ သူမ ဘတ်စ်ကား နောက်ကျသွားတယ်။

သင့်အမျိုးသမီးလည်း အလုပ်ကို ကမန်းကတမ်း သွားလိုက်ရတယ်။ သင်လည်း ကားကို မြန်မြန်မောင်းပြီး သမီးကို ကျောင်းပို့ဖို့လုပ်တယ်။ နောက်ကျနေတော့ တစ်နာရီ မိုင် ၃၀ ထက်ပိုပြီး မိုင် ၄၀ နှုန်းနဲ့ မောင်းသွားတယ်။ ၁၅မိနစ်လောက် နောက်ကျပြီး ဒဏ်ကြေးလည်း ဆောင်လိုက်ရပြီးမှပဲ ကျောင်းကို ရောက်တော့တယ်။ သင့်သမီးလည်း နှုတ်တောင် မဆက်နိုင်ပဲ ကျောင်းကို ပြေးရတယ်။ မိနစ်၂၀လောက် နောက်ကျပြီး ရုံးကိုရောက်မှပဲ သင့် လက်ဆွဲအိတ် မေ့ကျန်ခဲ့တာကို သတိရတော့တယ်။

သင့်ရဲ့တစ်နေ့တာက ဆိုးဆိုးဝါးဝါးအဖြစ်နဲ့ စတင်ခဲ့တယ်။ ဆက်ပြီးတော့ ဆိုးဆိုးသွားတယ်။ သင်အိမ်ကို ပြန်ရောက်တော့ သင့်အမျိုးသမီး၊ သမီးလေးနဲ့ သင်နဲ့ ကြားမှာ အဖုအထစ်ကလေး တစ်ခု ရှိနေသလို ဖြစ်နေတာ သင်တွေ့ရလိမ့်မယ်။

ဘာကြောင့်လဲ…။ သင် မနက်က ပြုမူလှုပ်ရှားခဲ့တဲ့ တုံ့ပြန်မှု အတွက်ပါပဲ။ ဘာကြောင့် အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာလဲ။
- ကော်ဖီက ဖြစ်စေတာလား…
- သင့်သမီးငယ်က ဖြစ်စေတာလား..
- ယာဉ်ထိန်းရဲကြောင့်လား…
- သင့်ကြောင့် ဖြစ်သွားတာလား…

အဖြေကတော့ နောက်ဆုံးအချက်ပါ။
ကော်ဖီနဲ့ပတ်သက်ပြီး သင်ချုပ်ကိုင်လို့ မရပါဘူး။ ဒါပေမယ့် တစ်နေ့လုံး အဆင်မပြေ ဖြစ်အောင် လုပ်တာကတော့ သင့်ရဲ့ ၅ စက္ကန့်အတွင်း တုံ့ပြန်မှုကြောင့်ပါပဲ။

ကော်ဖီ မှောက်ကျသွားတော့ သမီးလေးကလည်း ငိုချင်နေတဲ့ အချိန်။ သင်ကသာ “သမီးရေ.. ကိစ္စမရှိပါဘူးကွာ၊ နောက်တစ်ခါတော့ ပိုဂရုစိုက်လုပ်ပေါ့ ဟုတ်လား” လို့ ကောင်းကောင်းမွန်မွန် ပြောလိုက်မယ်။ လက်သုတ်ပဝါတစ်ထည် ဆွဲယူပြီး အပေါ်ထပ် မြန်မြန်တက်လိုက်မယ်။ ရှပ်အင်္ကျီအသစ်တစ်ထည် မြန်မြန်လဲ၊ လက်ဆွဲအိတ်ကလေး ဆွဲပြီး ဆင်းလာတဲ့ အချိန်မှာ ပြတင်းပေါက်ကနေ ကလေး ကျောင်းကားပေါ် တက်သွားတာကို မြင်လိုက်ရမှာပဲ။ အမျိုးသမီးလည်း သူအလုပ်သူ ပုံမှန်အတိုင်း သွားမယ်။ သင်လည်း အလုပ်ကို ၅မိနစ်လောက်တောင် စောရောက်ပြီး ဝန်ထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်နိုင်မယ်။ သင့်ရဲ့ဘော့စ် ကလည်း ချီးကျူးမယ်။ တစ်နေ့တာက ဘယ်လောက်ကောင်းသွားသလဲ။

ခြားနားချက် ကို မြင်နိုင်မယ် ထင်ပါတယ်။ မတူညီတဲ့ ဇာတ်ညွှန်းနှစ်ခုမှာလေ..။ စတင်တာကတော့ အတူတူပါပဲ…။ အဆုံးသတ်ကသာ မတူညီတာပါ။

ဘာကြောင့်လဲ…။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ တုံ့ပြန်မှုကြောင့်ပါပဲ။ ဖြစ်ပျက်မှုရဲ့ ၁၀ ရာခိုင်နှုန်းကို မတားဆီးနိုင်ပေမယ့် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ သင့်အပြုအမူက ပြဌာန်းတာပါ။

ဒီနေရာမှာ ၉၀/၁၀ နိယာမ နဲ့ ပတ်သက်ပြီး နည်းလမ်းတွေ ပြောချင်ပါတယ်။ တစ်စုံတစ်ယောက်က သင်နဲ့ ပတ်သက်ပြီး မကောင်းတာ တစ်ခုခု ပြောတယ် ဆိုပါစို့။ ထိခိုက်ခံစား မလွယ်ပါနဲ့။ မကောင်းတဲ့ ကိစ္စက သင့်ကို အထိခိုက်မခံပါနဲ့။ သင့်တော်သလို တုံ့ပြန်လိုက်ပါ။ တစ်နေ့လုံး အဲဒါကို တွေးပြီး ခံစားမနေပါနဲ့။ မှားယွင်းတဲ့ တုံ့ပြန်မှု ရလာဒ်က မိတ်ဆွေ သူငယ်ချင်း ဆုံးရှုံးတာ ကစလို့ အလုပ်ပြုတ်တဲ့ အထိ ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုတွေလည်း များနေပါလိမ့်မယ်။

သင့်အလုပ်ကို ဆုံးရှုံးသွားတယ် ဆိုပါစို့။ ဘာကြောင့် အိပ်နေတာ စိတ်ပျက်အားငယ်တာမျိုး လုပ်နေမလဲ။ သင့် အားအင်တွေကို နောက်ထပ် အလုပ်တစ်ခု ရှာတဲ့နေရာမှာပဲ သုံးလိုက်ပါ။ လေယာဉ်ပျံနောက်ကျနေတယ်.. ဒါဆိုလည်း ဒီနေ့အတွက် အစီအစဉ်တွေကို ပြန်ပြင်လိုက်ရုံပေါ့။ လေယာဉ် အချိန်မီ ရောက်ဖို့အတွက် ဘာကြောင့် စိတ်ပင်ပန်းအောင် လုပ်နေမလဲ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်လုပ်လို့ ရတာမှ မဟုတ်ပဲ။ ကြာနေတဲ့ အချိန်အတွင်းမှာ ကိုယ် လေ့လာစရာရှိတာ လေ့လာနေပါ။ တစ်ခြား ခရီးသည်တွေနဲ့ မိတ်ဆွေဖွဲ့ချင်လည်း ဖွဲ့ပါ။ ဘာကြောင့် စိတ်ဖိစီးအောင် နေမလဲ။ ဒါဟာ အမှားအယွင်းလေး တစ်ခု သက်သက်ပဲ။ အခု သင် ၉၀/၁၀ နိယာမ ကို သိသွားပြီပဲ။ ဒါကို လက်တွေ့အသုံးချလိုက်ပါ။ အံသြစရာ ရလာဒ်ကို တွေ့ရပါလိမ့်မယ်။ သင်ကြိုးစားကြည့်မယ်ဆိုရင် ဘာမှလည်း အရှုံးရှိမှာ မဟုတ်ပါဘူး။

လူသန်းပေါင်းများစွာဟာ ဖြစ်ဖို့မထိုက်တန်တဲ့ စိတ်ဖိစီးမှုတွေ၊ စမ်းသတ်စစ်ဆေးမှုတွေ၊ ပြဿနာတွေ အသည်းကွဲတာတွေ ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရပါတယ်။ ကျွန်တော်တို့ အားလုံး ၉၀/၁၀ နိယာမ ကို နားလည်ပြီး အသုံးချနိုင်ဖို့ လိုပါတယ်။

ဒါက သင့်ဘဝကို ပြောင်းလဲစေနိုင်မှာပါပဲ။

Mail ထဲက ရတဲ့ Stephen Covey ရဲ့ Discover the 90/10 Principle ကို ပြန်ဆိုပါတယ်။ တစ်ခြား ပြန်ပြီးသားလည်း ရှိချင်ရှိမှာပါ။ သဘောကျလို့ တင်လိုက်ပါတယ်။

သိင်္ဂါကျော်
ဆက်ဖတ်ရန်>>>

28 May, 2010

အောင်မြင်ရေးစာစု

ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု ဆိုတာက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မြင်တဲ့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ခံစားချက်တွေကို ဆိုလိုပါတယ်။ အဲဒီ ခံစားချက်တွေ ဆိုတာကလည်း ကျွန်တော်တို့ ကျင်လည်ရတဲ့ ဘဝရဲ့ အတွေ့အကြုံတွေ၊ မိသားစု အသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်၊ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားပေါ် အခြေခံနေပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားရတဲ့ အချိန်တွေ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရှုံးနိမ့်ပြီလို့ ထင်တဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ လူတွေ ကိုယ့်ကိုယ်ကို အထင်အမြင်မကြီးကြတာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်တည်လာတာပါ။ သူတို့ ကလေးဘဝတုန်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံခဲ့ရတာ၊ မိဘတွေဆီက လုံလုံလောက်လောက် အချစ်မခံခဲ့ရပဲ ကြီးပြင်းလာတဲ့ အချိန်တလျှောက်လုံး မှာလည်း အပြစ်တင် ဝေဖန်ခံရတာတွေပဲ ကြုံနေခဲ့ရတာ၊ မဖြစ်နိုင်တာ တစ်ခုခုကို ရည်မှန်းထားပြီး နောက်ပိုင်းမှာ ရှုံးနိမ့်မှု ကြုံရတာ၊ ကြီးပြင်းလာတဲ့ အချိန်မှာ မိသားစုရဲ့ အထောက်အပံ့ပေးမှု မရတာ၊ အလုပ်လက်မဲ့ ဖြစ်တာ စတဲ့အကြောင်းတွေကြောင့် ကိုယ့်ကိုယ်အထင်သေးမှုကို ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုမှ အထင်ကြီးမှုမရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အသက်မွေးမှုဘဝမှာရော၊ ကိုယ်ပိုင်ဘဝမှာရော၊ ဘယ်ပတ်ဝန်းကျင်မှာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ဝေဖန်မှုတွေကို ကြောက်ရွံနေတတ်သူ ဖြစ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် မချတတ်သူပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်း၊ လူမှုဆက်ဆံရေးမှာလည်း အားနည်းပြီး အမြဲတမ်း အဆိုးမြင် အတွေးတွေကိုပဲ တွေးနေတတ်သူပါ။ အဲဒီတော့ ပုံမှန်ဘဝမှာ အောင်မြင် ပျော်ရွှင်စွာ နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုကို မြှင့်တင်ဖို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်အောင် လုပ်ဖို့အတွက် အောက်မှာ ရေးသားမယ့် အချက်ကလေးတွေကို သုံးကြည့်စေချင်ပါတယ်။
  • အဆိုးမြင်အတွေး အားလုံးကို ဖယ်ရှားပြီး အကောင်းမြင် အတွေးမျိုး တွေးတတ်အောင်ကျင့်ပါ။ နေ့စဉ် ဒိုင်ယာရီ တစ်ခု ထားပြီး သင့်ကိုယ်သင် နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ အရာအားလုံးကို ချရေးထားပါ။ အဲဒီ ဒိုင်ယာရီ ကို နေ့တိုင်း ပုံမှန် ပြင်ပြီး သင့်ကိုယ်သင် ဂုဏ်ယူစေတဲ့ အချက်တွေ တွေ့လာရင် ထပ်ထည့်ပါ။ ဘတ်စ်ကားပေါ်မှာ အဘွားအို တစ်ယောက် လာလို့ ကိုယ့်ထိုင်ခုံက ထပေးလိုက်တာ လိုမျိုး ရိုးစင်းတဲ့ အချက်တွေပါ အားလုံး ထည့်ပါ။ သင့်ကိုယ်သင် အထင်သေးသလို ခံစားရတဲ့ အခါမျိုးမှာ အဲဒီ ဒိုင်ယာရီကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။
  • သင့်ကိုယ်သင် သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီး သင် ဘာလဲ ဆိုတာ သိအောင်လုပ်ပါ။
  • သင်ဟာ အလွန်အရေးကြီးပြီး သူများနဲ့ မတူတဲ့လူ၊ အသိဥာဏ်ထက်မြက်တဲ့ လူ တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောပါ။ မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊ “ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ” စသဖြင့် ပြောပေးပါ။ သင့်အခန်းနံရံမှာလည်း ကောင်းတဲ့အတွေးအခေါ် စာစုတွေ ကပ်ထားပါ။
  • သင့်ရဲ့ သူငယ်ချင်းများကို ဂရုတစိုက် ရွေးချယ်ပါ။ သင့်ကို ဝေဖန် နှိမ့်ချ တတ်သူများကို အနားမှာ မထားပါနဲ့။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တတ်သူများနဲ့သာ မိတ်ဆွေဖွဲ့ပါ။
  • ဘဝမှာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ကိုပဲ ထားပါ။ မအောင်မြင်နိုင်လောက်တဲ့ အရာတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ အားသာချက်၊ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေ အပေါ်မူတည်ပြီး ပန်းတိုင်ကိုရွေးချယ်ပါ။
  • သင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင် အကြံပေးချက်ကတော့ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ဦးတည်ပြီး အလုပ်ကို ပြင်းပြင်းထန်ထန် တစိုက်မတ်မတ် လုပ်ပါ။ အဲဒါက သင့်ကို အောင်မြင်မှု အသေးစားလေးတွေ ရအောင် ကူညီပါလိမ့်မယ်။ အဲဒီနောက် သင့်ကိုယ်သင် အထင်ကြီးပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။
  • မကြာခဏ၊ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပြီး ကိုယ့်ကိုယ်ကို အထင်မကြီးတာကလည်း သူတို့ကိုယ်သူတို့ စိတ်ပျက်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ။ အကျိုးသက်ရောက်စေတဲ့ တစ်နည်းကတော့ ကလေးငယ်တွေကို ပြည့်ဝတဲ့ ဂရုစိုက်ယုယမှုနဲ့ ချစ်မြတ်နိုးမှု ပေးဖို့ပါပဲ။ သူတို့ကို ချီးမွမ်းပေးပါ၊ တခြားကလေးတွေနဲ့ သွားပြီး မနှိုင်းယှဉ်ပါနဲ့။ အားကစားလုပ်တာလိုမျိုး ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။ အဲဒါတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို တည်ဆောက်စေနိုင်ပါလိမ့်မယ်။
အထက်ဖော်ပြပါ အချက်တွေက သင့်အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်ကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကို အထင်ကြီးတတ်မှုက သင့်ဘဝကို ပဲ့ကိုင်တဲ့ နေရာမှာ အလွန်အရေးကြီးပါတယ်။ တာဝန်ယူတတ်တဲ့စိတ်၊ အမှီအခိုကင်းတဲ့စိတ်၊ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချလိုစိတ် တွေက ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားလာဖို့ နဲ့ ယုံကြည်မှု မြင့်မားလာဖို့ အတွက် သော့ချက်တွေပါပဲ။


Aastha Dogra ရဲ့ How to Raise Self Esteem ကို မှီငြမ်းပါသည်။

copy from သိင်္ဂါကျော်(http://theingara.blogspot.com/2010/05/blog-post_27.html)
ဆက်ဖတ်ရန်>>>

20 May, 2010

ဟာသများ

ရှေ.နေကြီး


အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီး
ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
” လူကြီးမင်းဟာ …ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။”
ရှေ.နေကြီးက ပြန်ပြောသည်။
“ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
သေတော့မယ်ဆိုတာ ခင်ဗျားသိသလား”
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
” ကျနော် တောင်းပန်ပါတယ်။ ကျနော် …ဒါတွေကို ဘာမှ မသိပါဘူး”
ရှေ.နေကြီး ဆက်ပြောသည်။
“စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။”
” ကျနော် အထူးတောင်း…တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး”
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
” ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် ”
” ဘုရား…ဘုရား သနားစရာပါလား ခင်ဗျာ ”
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
” အေး… အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ … ဟင် “

************************

ဖြစ်လာမှာပါ


ဘားကောင်တာသို. ‘ဂျိန်းစ်ဘွန်း’ လျောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။
ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။
သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင်ပတ်ထားသော မိမိနာရီကိုသာ မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
” ဘာလဲ … မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား”
” မဟုတ်ပါဘူး….နောက်ဆုံးပေါ် နာရီကို ကြည့်မ၀ဖြစ်နေလို.ပါ ”
” တခြားနာရီတွေထက်… ဘာများသာလို.လဲ ရှင့်”
” အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။
ဥပမာ … ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ ”
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။
” ရှင့် နာရီ မှားပြီ … ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်”
‘ဂျိန်းစ်ဘွန်း’ နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
” အင်း … နာရီက နာရီဝက် တိတိ မြန်နေတာကိုး..”

***********************

မောင် မလာ, တော့ဘူးကွယ်


ကိုဘမောင်ဆီ မိတ်ဆွေတွေ အလည်အပတ်ရောက်လာကြသည်။
ကိုဘမောင် တံခါးကို ဖွင့်ပေးသည်။ ပွင့်သွားသော တခါးမှ ကိုဘမောင် မွေးထားသော ကြောင် လှစ်ခနဲ
ထွက်ပြေးသည်။ အိမ်မျက်နှာကျက်ပေါ် ပြေးတက်သည်။ ထို.နောက် အိမ်အောက်ကို ခုန်ဆင်းသည်။
ယင်းမှတဖန် အိမ်ခေါင်မိုးပေါ်သို. ဖျက်လက်သွက်လက်စွာ ပြေးတက်ပြန်သည်။ အပေါ်ရောက်တော့လည်း ကြာကြာမနေ ။
ဧည့်ခန်းကိုဖြတ်ကာ ခြံထဲရှိ အမှိုက်ပုံဘက်ကို ခုန်ပေါက်ထွက်သွားသည်။ ဒါတွေအားလုံး မိနစ်ပိုင်းအတွင်း
ဖြစ်နေရာ ဧည့်သည်များ အငေးသားကြည့်နေကြရသည်။ ဘာမှလည်း နားမလည်ကြ ။
ကိုဘမောင်က ၀မ်းနည်းသံဖြင့် ရှင်းပြသည်။
” ကျနော် ဒီကောင်ကို …ဒီနေ. သင်းလိုက်တာဗျ ”
” အဲဒီတော့ …ဘာဖြစ်သလဲ”
“အချိန်းအချက် လုပ်ထားတာတွေကို ဒီကောင် …လိုက်ဖျက်နေရတာပေါ့ “

***********************

သူ့အတွေး

ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် … သူ့ သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့
တောင်းဆို တယ်တဲ့ … အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
စာမေးတာပေါ့ …

ကျောင်းအုပ်။ ။ ငါး .. ငါးလီ …
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …

ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ….

ဆရာမ။ ။ သားလေး … ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် … နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ….
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ….
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် … ဆရာမဆီမှာ တစ်ခုမှ မရှိဘူး … အဲဒါရောဘာလဲ …
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး … တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့် ရသွားပြီ …
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် … ဒီကလေးကို ငါးတန်းပဲ
ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ….

***********************

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး…. ….

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး တွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။
အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။….

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်
ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး……………. .. ငါကဖြင့် 15 ထပ် လောက်တောင်
ရေပြီးပြီ ” တဲ့။

***********************

သူခိုးနှင့် ချာတိတ်

သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ
တွေ့လေသည်။
“ ဟေ့ ချာတိတ် …မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့်
ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး
သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး
လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင်
ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ
” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော်
မယူလာနိုင်တော့ဘူး….. ရေပိုက်ခေါင်းကို
ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

***********************

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။
ကိုဇော်ဂျီ က ပြောသည်။
`ဟေ့… မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ စကူပြန်ဖြေသည်
`ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´

***********************

ချိုသာစွာပြောပါ

လေယာဉ်တစ်စီး … စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ … အဲဒါကို Pilot က လေယာဉ်မယ်ကို …
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ … လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး …. ” ကဲ … ခရီးသည်များရှင် … မသေခင်လေး
… အချိုတည်း ကြရအောင် … ” တဲ့ …

***********************

ယူမိသည့် တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ”
ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်…..“ သူ့ကို ကျွန်တော် ယူလိုက်ပြီ လေဗျာ ” ဟု ဖြေလေသည်။
သြော်…ယူမိသည့် တာဝန်များနော်………… …

ဆက်ဖတ်ရန်>>>

ကံချွန်ဧ။် လတ်လတ်ဆတ်ဆတ်

အချစ်ရဲ့ အမျိုးအစား

ရှင် ကျွန်မကို တကယ် ချစ်ရဲ့လား။

ချစ်တာပေါ့ကွာ။

ဒါဆို ကျွန်မ အတွက် အသက်ပေးရဲပါ့မလား။

အို..ကိုယ့်အချစ်က အမြဲတမ်း ရှင်သန်နေမယ့် အချစ်ပါကွာ။

မောင့်ဆန္ဒ

သူက သူ့ချစ်သူကို သိပ်ယုယတာပဲ။မောင်လည်း သူ့ကို အတုခိုးသင့်တယ်နော်။ အဲသလို ယုယသင့်တယ်။

(ကောင်လေးက စဉ်းစားလိုက်ပြီး….)

သူ့ချစ်သူက လက်ခံပါ့မလား။

ငါ့အဆိုး မဖြစ်ချင်လို့

မင့်ကောင်မလေးနဲ့ ချိန်းထားတယ်ဆို

အင်း

မလာသေးဘူးလား။

အင်း မလာဘူးကွ။

သူ အိမ်ကထွက်မရလို့လား။ဒါမှမဟုတ် တခြားတစ်ယောက်နဲ့ တွေ့နေလို့လား။

အိမ်က ထွက်မရတာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတယ် သူငယ်ချင်းရာ။

ဒါလေးများ

မင့်ဆီ ဖုန်းဆက်တာကို နာမည် မှားခေါ်လို့ဆို၊မင့်ရဲ့အမျိုးသားနဲ့ တွေ့ခဲ့တယ်။မောင်လို့ ခေါ်နေကျကို အစ်ကိုလို့ ခေါ်လို့ စိတ်ပျက်သွားပြီတဲ့။

ကြီးကျယ်လိုက်တာ၊သူက အရင်စပြီး ဆွီတီလို့ မှားခေါ်တာ၊ဒီတော့ ငါက မှားထူးတာပေါ့။

ဖြစ်ချင်တာ ဒါပ

ကိုယ်က စီဘီအေ company မှာ အလုပ်လုပ်ပါတယ်ကွာ၊မန်နေဂျာပါ၊မင့်အတွက်ဆို အားလုံးဖြည့်ပေးနိုင်အောင် ကြိုးစားပါမယ်။

တကယ်လား..

တကယ်ပါ

ဒါဖြင့် သူဌေးနဲ့ မိတ်ဆက်ပေးလေ။

ဆက်ဖတ်ရန်>>>

14 May, 2010

တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ

ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရတနာသုံးပါးကို ဦးညွှတ်ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း ဆီမီး သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ရှိပါသည်။ ဂုဏ်တော်၉ပါး၊ ဗုဒ္ဓါနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။ ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော် တတ်ကြပါသည်။

သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော " ဓမ္မ " ကို ဘယ်လို ပူဇော်ကြမည်နည်း။ ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤသို့မိန့်ကြားခဲ့ဘူး ပါသည်။

From http://anam308.blogspot.com/2010/05/blog-post_15.html

ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်အခိုက် ဘုရားရှင်က-
ချစ်သားတို့ နောက်လေးလမျှလွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော့မည် ဟုမိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။ ထိုရဟန်းများထဲမှ ရဟန်း ဓမ္မရာမ သည် ကျန်ရဟန်းများ ကဲ့သို့ မငိုယိုတော့ပဲ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလတွင်ပင် ငါ ကိလေသာကုန်အောင် တရားကျင့်၍ ဘုရားရှင်အား ကျေးဇူးဆပ်ပူဇော်တော့မည်ဟု ဆုံးဖြတ် လိုက်ပြီး နာကြားဖူးသမျှ တရားတော်များကို ဆင်ခြင်၍ တစ်ပါးတည်း တရားအားထုတ်နေ လိုက်ပါသည်။
ဆက်ဖတ်ရန်>>>

10 May, 2010

Marketing ဆိုတာ......

Marketing ဆိုတာ......

( တစ် )


ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ့ လိုက်ပြီဆိုပါတော့...
သူ့ ဆီတိုက်ရိုက်ဝင်ပြီး “ကျွန်တော်က အင်မတန်ချမ်းသာတဲ့သူဌေးပါ ...
ကျွန်တော့်ကို လက်ထပ်မလား” လို့ မေးရင်
အဲဒါ Direct Marketing .. တိုက်ရိုက်ဈေးကွက်တင်တာပေါ့...။

( နှစ်)

ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့  ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့
မိန်းကလေးကိုတွေ့ တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီမိန်းကလေးဆီ
လျှောက်သွားပြီး ခင်ဗျားကို လက်ညိုးထိုးပြတယ်...
“သူက သိပ်ချမ်းသာတာ၊ သူ့ ကိုကြိုက်လိုက်ပါလား” လို့ ပြောရင်
အဲဒါ Advertising .. ကြော်ငြာသဘောတရား ...။

( သုံး )

ပါတီမှာ မိန်းမချောလေးကိုတွေ့ လို့ တယ်လီဖုန်းနံပါတ် တောင်းထား
လိုက်တယ်... နောက်နေ့ ကျတော့ တယ်လီဖုန်းနဲ့  လှမ်းပြီး
“ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ .. ကျွန်တော်ကို လက်ထပ်မလား”
လို့ မေးရင် အဲဒါ Telemarketing ...။

( လေး )

ပါတီမှာ ကောင်မလေးကိုတွေ့ တယ်.. စကားရောဖောရောတွေလုပ်ပြီး
အချိုရည်ယူပေး၊ စားစရာယူပေးတွေ လုပ်တယ် .. ပြန်မယ်ဆိုတော့
ကားအထိလိုက်ပို့ ပေးပြီး တံခါးဖွင့်ပေးတယ်.. ပြီးတော့မှ စကားကြီး
သုံးခွန်းပြောတယ်.. အဲဒါ Public Relation .. ပြန် /ဆက်ပေါ့ ...။

( ငါး )

ပါတီမှာ ကောင်မလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး
“ ရှင်က သိပ်ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထပ်ပါလားဟင်” လို့ မေးရင်
အဲဒါ Brand Recognition .. ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ..။

( ခြောက် )

ပါတီမှာ ကောင်မလေကိုတွေ့ တယ်.. သူ့ ဆီသွားပြီး “ ကိုယ်ကသူဌေးလေးပါ ..
ကိုယ့်ကိုလက်ထပ်ပါလား” လို့  ပြောတယ် ..ကောင်မလေးက လှည့်ကြည့်ပြီး
ပါးကြီးကို အားရပါးရ ထိထိမိမိ တွယ်ထည့်လိုက်တယ် ...
အဲဒါ Customer Feedback ... စားသုံးသူရဲ့ သဘောထား..။

( ခုနှစ် )

ပါတီမှာ တွေ့ တဲ့ကောင်မလေးကို ခင်ဗျားက ချဉ်းကပ်ပြီး သုံးခွန်းသော
စကားပြောတယ် .. သူက “အတော်ပဲ ကျွန်မယောက်ျားနဲ့ မိတ်ဆက်ပေးရဦးမယ်”
ဆိုပြီး သူ့ ဘေးက ဘဲကြီး နဲ့ မိတ်ဆက်ပေးတယ် ...
အဲဒါ Demand and Supply Gap .. ၀ယ်လိုအားနဲ့ ရောင်းလိုအားကွာဟမှု...။

( ရှစ် )

ပါတီမှာ ကောင်မလေးတွေ့ လို့ ချဉ်းကပ်ဖို့ ခြေလှမ်းပြင်နေတုန်းတစ်ယောက်က
ဝင်လာပြီး “ကိုကိုကသူဌေး၊လက်ထပ်ကြရအောင်နော် ” လို့ ဖြတ်ခုတ်သွားရင်
အဲဒါ Competition, Eating into your market share .. ဈေးကွက်အလုခံတာ.. ။

( ကိုး )

ပါတီမှာကောင်မလေးတွေ့လို့ ချဉ်းကပ်လမ်းဖောက်နေတုန်း
အိမ်ကဟာမကြီးပေါ်လာပြီး “မောင်ရေ” လို့  အသံပေးလိုက်တယ်..
အဲဒါ Market Restriction .. ဈေးကွက်ချုပ်ချယ်မှုဝင်လာတာ..။

အဲဒါ ဆိုရင် သတိသာ ကြပ်ကြပ် ထားပေရော့ဗျား.. ဟဲ ဟဲ..


From

ကိုပေါက်ရဲ့မှတ်စုလေးများ..

ဆက်ဖတ်ရန်>>>

06 May, 2010

အမေ့အတွက်

ကမ္ဘာပြိုလို့ ဆိုပြီး
အမေငိုချင်မှငိုမယ်....
ရင်သွေးငယ်တို့
တောင်းဆိုရင် အမေကိုယ်တိုင်
သားရဲတွင်းသို့ ဆင်းတတ်တယ်လေ...။
သားတို့ကို အသားကျွေးလို့
အရိုးကိုအမေစားတယ်ဆိုတာ
ဟိုငယ်ငယ်ထဲကကြားခဲ့လို့
နားရည်လဲတော်တော်ဝနေပါပြီ....။
ဒါတွေက စကားတွေပါ...
လက်တွေ့မှာ အမေဆိုတာ
သားတွေဝရင် သူဗိုက်မဆာပါဘူး...
သူ့ရင်သွေးတွေ ကျန်းမာနေရင်
သူကိုယ်တိုင်လဲ ဖျားနာနေပါစေ
ပီတိဆိုတာရှိနေသရွေ့
အားမချိသွားဘူး....
အစဉ်ကို လန်းလို့ ဆန်းလို့....။
အမေမရှိတဲ့သားက
ရေမရှိတဲ့ငါးတဲ့.....
လူတွေပြောပြောနေကြတယ်...
အမေမရှိမှတော့
ရေ(ငွေ)ရှိလဲအလကားပါပဲ...
ရှင်သန်မှုအတွက် ကျပ်တည်းနေမှာပဲ...
အမေဆိုတာ အောက်စီဂျင်
ရေဆိုတာမရှိလဲ .....
ကျွန်တော်တို့မှာ အမေဆိုတာ
ရှိနေခဲ့ရင်.... ပျော်လို့ရွှင်လို့ပါပဲဗျာ...။
အမေမရှိလို့ သားတို့အားချိနေခဲ့တာတွေ
အမေနဲ့ဝေးလို့ သားတို့တိတ်တိတ်ကျိတ်ငိုနေတာတွေ
အမေကိုလွမ်းလို့ သားတို့ရေးတဲ့တေးကဗျာတွေ
အမေ့အတွက် ရေးတဲ့စာ....
အမေ့အတွက် ဖတ်တဲ့စာ....
အမေ့အတွက် လုပ်တဲ့အလုပ်....
အမေ့အတွက်......
အမေ့အတွက်.......
အမေ့အတွက်.......
ကျွန်တော်ပြောခဲ့သမျှ တခုမှမပြုခဲ့ဘူးလို့
ခွင့်လွှတ်ပါအမေ.....။
ဘာပဲဖြစ်ဖြစ်....
သားတို့အတွက် လေးနက်ခဲ့တဲ့
အမေ့ကို ဒီစာတစ်ပုဒ်နဲ့ ဂုဏ်ပြုပါရစေ အမေ...........။
ဆက်ဖတ်ရန်>>>